အပြုံးတစ်ချက်ကို လာရောက် အလည်ကြတဲ့ သူငယ်ချင်းတို့ရေ မင်္ဂလာပါနော် ... အညာသူလေး အပြုံးတစ်ချက်မှာ ပထမဆုံး ရေးဖြစ်တဲ့ Post လေး ဖြစ်ပါတယ် ... အညာသူလေးက အညာမြေမှာမွေး၊ အညာရေကိုသောက်ပြီး ကြီးပြင်းလာခဲ့ရပေမယ့် အခုတော့ အညာမြေနဲ့ ဟိုးအဝေးမှာ ရောက်နေတယ်လေ ... အညာမြေကို လွမ်းတယ် ... အညာမြေရဲ့ ရနံ့တွေကို သတိရမိတယ် ... အခုဆိုရင် တဖြည်းဖြည်းနဲ့ မြန်မာ့နှစ်သစ်ကို ရောက်တော့မယ် ... မြန်မာနှစ်သစ်မှာ မြန်မာတွေရဲ့ ချစ်စရာ အမှတ်အသား တစ်ခု ဖြစ်တဲ့ သင်္ကြန်လည်း နီးသထက် နီးလာပြီလေ ... နေမြင့်လေ အရူးရင့်လေ ဆိုသလိုပဲ သင်္ကြန်အချိန်အခါ နီးလာတာနဲ့ အမျှ အညာမြေကို ပိုလွမ်းတဲ့စိတ်က တားမရ ဖြစ်နေမိတယ် ...အညာမြေ သင်္ကြန်မှာလေ မိုးရွာရွာ မရွာရွာ ပွင့်တဲ့ ပန်းရှိတယ် ... နှစ်တိုင်း သစ္စာမပျက် ပွင့်ပေးသူပေါ့ ... မြို့အ၀င်လမ်း တဖက်တချက်စီမှာ တန်းစီ ရှိနေတဲ့ တမာပင်တွေက အညာရဲ့ နွေသင်္ကြန်ကို ဖော်ပြနေသလိုပဲလေ ... တမာရွက် စိမ်းစိမ်းလေးပေါ်မှာ အပွင့်သေးသေး အဖြူရောင် ပန်းခက်ကလေးတွေ တွဲလွဲကျနေတာကိုက တစ်မျိုးချစ်စရာလေးပေါ့ ... တမာပန်းရဲ့ သင်းပျံ့တဲ့ ရနံ့ကလေးကလည်း အညာမြေရဲ့ ဆွဲဆောင်မှုတစ်ခု ဆိုတာ ငြင်းလို့ မရဘူးလေ ... အညာမြေမှာ မွေးဖွားခဲ့တဲ့ အညာသူ ကျွန်မ အတွက်တော့ အညာမြေက တမာပန်းတွေကို သိပ်လွမ်းမိသလို သူ့ ရနံ့လေးကိုလည်း စိတ်ထဲကနေ သတိတမ်းတနေမိတယ် ... အညာမြေနဲ့ ဝေးနေတဲ့ သူငယ်ချင်းတွေရော၊ အညာမြေကို မရောက်ဘူးတဲ့ သူငယ်ချင်းတွေရော အခွင့်သာရင် တမာတွေဝေနေတဲ့ အညာသူလေးတို့ရဲ့ အညာမြေလေးကို အလည်တစ်ခေါက် လာခဲ့ကြပါလို့ ဖိတ်ခေါ်ရင်း နှုတ်ဆက်လိုက်ပါတယ်နော် ... သူငယ်ချင်းတို့အားလုံး ကာယသုခ၊ စိတ္တသုခ အပေါင်းနဲ့ ပြည့်စုံပါစေ ...
အညာသူလေး
10.3.2012
0 comments:
Post a Comment
Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)
ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်
တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)